ဝိဇ္ဇာနီ – ပွဲဦးထွက် အတွေ့အကြုံ

မြူတွေ၊ မြူတွေ ထူထပ်စွာ ရစ်သိုင်းနေသည်။ သူရောက်နေသော ပတ်ဝန်းကျင်ကို အကဲခတ်ရန် ဗေဒါရီ ကြိုးစားသော်လည်း မြူတွေကြောင့် သဲသဲကွဲကွဲ မမြင်ရ။ မီးတိုင်တွေ ထိန်နေအောင် ထွန်းထားသော ဒီတဲကြီးထဲတွင် ဘာဖြစ်လို့ မြူတွေ ရစ်သိုင်းနေရတာလဲ သူစဉ်းစားမရ။ လူသံလိုလိုကြားရသဖြင့် ဗေဒါရီ ရှေ့သို့အသာတိုးကြည့်သည်။ သလွန်လိုလို ညောင်စောင်းလိုလိုပေါ်တွင် တကိုယ်လုံး ချွေးစက်ချွေးပေါက်များဖြင့် စိုရွှဲနေသည့် ခန္ဒာကိုယ်နှစ်ခု သို့မဟုတ် ဝတ်လစ်စလစ်ဖြင့် ချစ်တင်းနှောနေကြသည့် လုလင်ပျိုနှင့် သူမနှင့် သက်တူရွယ်တူ လုံမပျို။ အသက် ၂၀ ပင် မပြည့်တတ်သေးသည့် မိန်းကလေး၏ မျက်ဝန်းတွင် နာကျင်ခြင်းတွေကို တွေ့သည်။

အို … ရှက်ရှက်နှင့် မျက်နှာလွှဲလိုက်ရသည်။

တဲနန်း၏ အပြင်ဘက်တွင် ဘုရားထီးတင်ပွဲ ကျင်းပနေကြသည်။ ဝတ်ကောင်းစားလှနှင့် ပရိသတ်က စည်ကားလှသည်။ ထီးတင်နေကြသူများကို ဗေဒါရီ အကြည့်ရောက်သွားသည်။ ရှေ့ဆုံးက ပိုးထည် အဝတ်ဖြူကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ခန့်ညားသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး၊ သူ့ဘေးတွင် သူနှင့် သက်တူရွယ်တူ အမျိုးသမီးတစ်ဦး … ပိုးထည် အဝတ်ဖြူနှင့်ပဲ။ သူတို့၏ နောက်တွင်တော့ ဝတ်ကောင်းစားလှနှင့် မင်းပျိုမင်းလွင်တစ်ဦးနှင့် နန်းဝတ်နန်းစားနှင့် မိန်းမပျို ၃ ဦး။ လုလင်ပျိုနှင့် နောက်ဆုံးမှ မိန်းမပျိုတို့မှာ စောစောက တဲနန်းထဲက နှစ်ယောက်ပဲဟု ဗေဒါရီ မှတ်မိသည်။

သူတို့လူစု၏ နောက်ဆုံးမှ မိန်းမပျို၏ မျက်ဝန်းတွင် နာကျည်းမှုတွေ အပြည့်၊ ခဏကြာတော့ မျက်လွှာအသာချကာ လက်အုပ်ချီ၍ သူမ နှုတ်မှ တတွတ်တွတ် ဆုတောင်းနေပြန်သည်၊ ဘာတွေ ဆုတောင်းသလဲတော့ ဗေဒါရီမကြား။

ဗေဒါရီ၏ ရှေ့တွင် သက်လတ်ပိုင်းအရွယ်စုံတွဲ၊ သူမနောက်ကို လှည့်ကြည့်လိုက်တော့ နန်းဝတ်နန်းစားနှင့် မိန်းမပျို ၃ ဦး၊ တနည်း … လုလင်ပျို၏ နေရာတွင် သူမ ဝင်ရပ်နေသည့်သဘော။ မြူတွေ ထူလာပြန်သဖြင့် သဲသဲကွဲကွဲ မမြင်ရပြန်။ သတိထား ကြည့်နေရင်းနှင့် ရှေ့ဆုံးက ပုဂ္ဂိုလ်ကြီးက ဘရသေ့အဖြစ် အသွင်ပြောင်းသွားပြီး နောက်ဆုံးမှ မိန်းမပျိုက တောပျော်ကြီးအသွင်ကို ပြောင်းသွားသည်။

“သမီး … သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်”

ဘရသေ့၏ စကားအဆုံးတွင် တောပျော်ကြီးက ဘရသေ့ကို ဓားဖြင့် ခုတ်ချလိုက်တော့သည်။

“ဘရသေ့ … ”

စူးစူးဝါးဝါး အော်လိုက်ရင်း ဗေဒါရီ လန့်နိုးလာသည်။ သူမ တကိုယ်လုံးလဲ ချွေးတွေ ရွှဲနေသည်။ နာရီကို ကြည့်တော့ မနက် ၅ နာရီ ကျော်ကျော်။ သြော် … ဘရသေ့ ဆုံးတာ ဒီနေ့ဆိုရင် တစ်နှစ်တင်းတင်း ပြည့်ပြီပဲ။ ဗေဒါရီ၏ အတွေးများက အတိတ်ဆီသို့ …

🏵️(အခန်း ၁)🏵️

သနပ်ခါးကို တကိုယ်လုံး ခြေဆုံးခေါင်းဆုံးလိမ်းပြီး ရင်လျားထားသော ထမီပေါ်မှ ဘရာဇီယာကို အုပ်ဝတ်၊ ပင်တီထဲ ခြေဖျားကို ထည့်သည်။ ထို့နောက် ထမီစကို ဘရာကြားမှ ဆွဲထုတ်ကာ ပါးစပ်တွင်ကိုက်၍ ပင်တီကို ခါးထိရောက်အောင် ဆွဲဝတ်သည်။ ပြီးတော့ ရေလဲထမီကို ဗေဒါရီ ခါးတွင် ပြန်စည်းပြန်သည်။ အခန်းထဲတွင် သူမတယောက်တည်းသာ ဖြစ်သော်လည်း လမ်းနှင့်နီးသည့် ဒုတိယထပ်က အခန်းဖြစ်သဖြင့် အဝတ်လဲရတာ စိတ်မလုံ။ မီးပူထိုးပြီး ချိတ်ထားသော ပန်းနုရောင် လက်စကအင်္ကျီနှင့် ထမီဝမ်းဆက်ကို ခပ်သွက်သွက်လဲဝတ်ပြီးမှ တို့ပတ်ပုဝါလေးဖြင့် ဗေဒါရီ မျက်နှာကို ဖွဖွလေး ပုတ်၍ သနပ်ခါးညီအောင် ညှိလိုက်သည်။ မျက်ခုံးမွှေးပေါ်ရှိ သနပ်ခါးဖတ်များကို သွားပွတ်တံဟောင်းနှင့် ပွတ်ဖယ်ပြီး နှုတ်ခမ်းနီ ပန်းရောင်လေး ဆိုးပြီးချိန်မှာတော့ ဗေဒါရီ အပြင်သွားရန် အသင့်ဖြစ်ပြီ။ ငယ်မူငယ်သွေး ပျိုမြစ်မှုအပြည့်နှင့် မိန်းမပျိုတယောက်အဖို့ ဈေးကြီးသော ပစ္စည်းတွေနှင့် အချိန်ကြာအောင် ပြင်ဆင်နေဖို့ မလိုလဲ မလိုသလို သူမလို ပထမနှစ် တက္ကသိုလ် ကျောင်းသူတယောက်အဖို့ တတ်လဲ မတတ်နိုင်ပါ။

“ဒေါက် … ဒေါက်”

“သမီးရေ … ဒေါ်ကြီး ဝင်ခဲ့မယ်နော်။”

တံခါးခေါက်သံနှင့်အတူ ဒေါ်ကြီး၏ အသံကို ကြားရသည်။ ဗေဒါရီ သိတတ်စကတည်းက အဖေ၊ အမေဆိုတာ ဘယ်သူဘယ်ဝါရယ်လို့ မသိခဲ့ရ။ ဒေါ်ကြီး၏ လက်ပေါ်တွင်သာ ကြီးပြင်းခဲ့ရသဖြင့် ဗေဒါရီအဖို့ ဒေါ်ကြီးသည် အဖေဆိုလဲဟုတ်၊ အမေဆိုလဲ ဟုတ်၊ ဒေါ်ကြီးသည် ဗေဒါရီအဖို့တော့ လေးစား အားကျ အတုယူစရာ စံပြပုဂ္ဂိုလ်။

“ဟုတ် … ဒေါ်ကြီး”

ဗေဒါရီ၏ ဖြေသံအဆုံးတွင် သူမအခန်းထဲသို့ တံခါးကိုဖွင့်၍ ဒေါ်ကြီးဝင်လာသည်။ တကိုယ်တည်းသမားပီပီ အပူအပင်မရှိ အေးဆေးသည့် ဒေါ်ကြီးသည် အသက် ၅၀ စွန်းပြီဟု မထင်ရလောက်အောင် နုပျိုလွန်းလှသည်။ မျက်နှာပေါ်တွင် အရေးအကြောင်းဟူ၍ ရေးရေးမျှပင် မပေါ်သေး။ အသက်အရွယ်အရ အဆီတွေ စုလာသော်လည်း အစားအသောက်ကို ဂရုစိုက်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်သဖြင့် ပုံပျက်ပန်းပျက်ကြီး ဖြစ်မလာ … ဗိုက်မပူပဲ ကြည့်ကောင်းသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် ဖြစ်သည်။ ဒေါ်ကြီး ငယ်စဉ်ကဆို ပိုတောင် ချောသေးသည်။

“မေမေကြီးရေ … လှလိုက်တာ သမီးလေးရယ်”

အခန်းထဲ ဝင်ဝင်ချင်း တအံ့တသြ အာလုပ်သံနှင့် ချီးကျူးခံလိုက်ရသောကြောင့် ဗေဒါရီ ရှက်တောင် ရှက်သွားသည်။ ဒေါ်ကြီးက တခုခုဆို သူ့အမေကို ဒီလိုမျိုးပဲ ‘တ’ နေကျ။

“မဟုတ်ပါဘူး၊ ဒေါ်ကြီးက ပိုလှပါတယ်”

ရယ်ကျဲကျဲနှင့် ဒေါ်ကြီးကို ဗေဒါရီ ပြန်မြှောက်သည်။

“သမီးအတွက် မွေးနေ့လက်ဆောင် ဒေါ်ကြီး ယူခဲ့တယ်”

ထိုင်နေသော ဗေဒါရီ၏ ပခုံးနှစ်ဘက်အနီးတွင် ဒေါ်ကြီး၏ လက်တွေ ရောက်လာသည်။ သူမ၏ လည်တွင် စိန်ဘရယ်တကုံး၊ ပုံစံက တော်တော်ရှေးကျသည်။ တန်ဖိုးလဲ အတော်ပင် ကြီးမည့်ပုံ။

“ဟာ … ဟာ … မဟုတ်တာ၊ ဒေါ်ကြီးကလဲ … ဒီ … ဒီဟာက … ”

ဒီစိန်ဘရက်က ဒေါ်ကြီး၏ အမေဘက်က အဘွားပေးခဲ့သည့် အမွေ၊ ဗေဒါရီ သိသည်။ တန်ဖိုးလဲ ကြီးသလို မိသားစု အမွေလဲ ဖြစ်သည်လေ။

“သမီးရယ်၊ ဒေါ်ကြီးမှာလဲ ပြေးကြည့်မှ အရင်းအချာဆိုလို့ သမီးလေးပဲ ရှိတဲ့ဟာ။”

“…”

“ဒေါ်ကြီးအတွက်တော့ သမီးအရင်းပါပဲ။”

ဒေါ်ကြီး စိတ်မကောင်းမည်စိုးသဖြင့် ဗေဒါရီ ငြိမ်နေလိုက်ရသည်။ ဟုတ်ပါသည်။ ဝမ်းနှင့် မလွယ်ခဲ့ရပေမဲ့ ဆွေမျိုးသားချင်း မရှိသည့် ဒေါ်ကြီးအဖို့လဲ သူငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာသည့် ဗေဒါရီသည် မွေးစားသမီးဆိုသော်လည်း သမီးရင်းပါပဲ။

ခဏငြိမ်နေပြီးနောက် ဆတ်ကနဲထ၍ ဗေဒါရီ ဒေါ်ကြီးပါးကို ပြွတ်ကနဲ နမ်းလိုက်သည်။

“တယ် … ဒီကောင်မလေး၊ ကြည့် … နှုတ်ခမ်းနီတွေ ပေကုန်ပြီ။ ဒီပုံစံနဲ့ ဘယ်လို အင်တာဗျူးရမတုန်း။”

“အင်တာဗျူး … ဒေါ်ကြီး မလိုက်ဘူးလား”

“ဟုတ်တယ်။ ဒီနေ့ အင်တာဗျူးစရာ ၃ ယောက် ချိန်းထားတယ်။ ဒေါ်ကြီး မလိုက်တော့ဘူး။ ကိုယ့်ဟာကိုယ် မောင်းသွားချည်။ သွားတော့ … နောက်ကျနေတော့မယ်။”

အပျိုကြီးပီပီ စည်းကမ်းတင်းကျပ်သော ဒေါ်ကြီး၏ မြကြာဖြူ အဆောင်သည် အခြား ပုဂ္ဂလိက အဆောင်တွေလို လာသမျှ လူကို လက်မခံ၊ နေရာလွတ်တွေ ရှိနေစေကာမူ အင်တာဗျူးကြည့်ပြီး သူစိတ်တိုင်းကျမှ လက်ခံသည်။ စာတော်ရုံနှင့်မရ၊ ရုပ်ရည်သန့်ပြန့်ပြီး လိမ္မာရေးခြားရှိသူ၊ နာမည်ပျက်မရှိသူများကိုသာ ရွေးချယ်လက်ခံသည့်အပြင် စည်းကမ်းဖောက်ဖျက်လျှင်လဲ ဒဏ်ကြေး၊ သန့်ရှင်းရေး အပြစ်ဒဏ်မှအစ အဆောင်မှ ထုတ်ပစ်သည်အထိ ထိထိရောက်ရောက် အပြစ်ပေးသည့်အတွက် မြကြာဖြူ အဆောင်သူဆိုလျှင် ဘွဲ့ရသည်နှင့် အလုပ်အကိုင် ရာထူး အခွင့်အလမ်းကောင်းများက အသင့်စောင့်နေသကဲ့သို့ အချစ်ရေးတွင်လဲ လိပ်ပြာဖိုတွေ ဝိုင်းဝိုင်းလည်နေတတ်ကြသည်။ ဒေါ်ကြီးလက်ထွက် မြကြာဖြူ အဆောင်သူဆိုလျှင် ခေါင်းခါသူ သားရှင်မိဘ မရှိခဲ့ဖူးဘူးဟု ဒေါ်ကြီးက အမြဲ ဂုဏ်ယူတတ်သည်။

ညကတည်းက အသင့်ပြင်ထားသော လှူဖွယ်ပစ္စည်းများနှင့် စားစရာ အခြောက်အခြမ်းများကို ဒေါ်ကြီး၏ မာဇဒါ ပြိုင်ကားလေးပေါ်တင်ကာ ဗေဒါရီ မောင်းထွက်ခဲ့သည်။ ဘရသေ့ နေထိုင်ကောင်းရဲ့လား မသိ၊ ဘရသေ့ကျောင်းကို ဗေဒါရီ မရောက်တာ တစ်နှစ်တိတိ ရှိပြီ။ ငယ်စဉ်ကတော့ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်း ဘရသေ့ကျောင်းမှာသာ ဗေဒါရီ အချိန်ကုန်ခဲ့ရသည်။ ကျောင်းဝင်းထဲက အရိပ်ကောင်းလှသည့် ဥယျာဉ်သည် သူမပြေးလွှား ဆော့ကစားနေကျ၊ နေ့လည်ခင်း နေပြင်းလို့ ပြေးလွှားဆော့လို့ မကောင်းသည့်အခါများတွင်တော့ ဘရသေ့ပြောပြသော ဖာတ်ဝတ္ထုတွေ၊ နိပါတ်တော်တွေကို နားထောင်နေကျ။ တခါတလေတော့ နိပါတ်တော် မဟုတ်ပဲ မကောင်းသူပယ်၊ ကောင်းသူကယ်သည့် သူရဲကောင်းပုံပြင်တွေကို ဘရသေ့က ပြောပြတတ်သည်။ တခါတလေလဲ ဘရသေ့က ဗေဒါရီကို ဘုရားစာတွေ၊ ဂါထာမန္တာန်တွေ သင်ပေးတတ်သည်၊ နောက်အပါတ်ကျ ပြန်အံပြရသည်။ ဗေဒါရီ အရွယ်ရောက်လာသည့်အခါ ဘရသေ့က သူ့ကျောင်းကို အလာမခံတော့၊ တနှစ်တခါသာ ဒေါ်ကြီးနှင့်အတူ လာခိုင်းတော့သည်။ ဘာအကြောင်းရှိရှိ အမြဲဖျက်ကာ လိုက်ပို့နေကျ ဒေါ်ကြီးက ဒီနှစ်ကျမှ လိုက်မလာတာတော့ ထူးဆန်းနေသည်။

××× ××× ×××

မြို့နှင့် ဝေးသော ကျောင်းသင်္ခန်းက အရင်အတိုင်း မပြောင်းလဲ၊ အေးဆေး တိတ်ဆိတ်နေသည်။

“ဘရသေ့”

အသံပေးကာ ကျောင်းထဲ ဗေဒါရီ ခြေဖော့ကာ ဝင်တော့ သူထိုင်နေကျ ကျွန်းကုလားထိုင်ကြီးပေါ်တွင် ထိုင်နေသည့် ဘရသေ့ကို တွေ့သည်။ ဘရသေ့ရှေ့ ကြမ်းပြင်ပေါ်တွင် ပစ္စည်း အနည်းငယ် ချထားသည်။

“ရောက်လာပြီလား သမီး”

“ဟုတ် … ဒေါ်ကြီးကတော့ … ”

ဘရသေ့ လက်ကာပြသည်။

“အဘသိတယ် … ”

ထူးဆန်းပြီးရင်း ထူးဆန်းနေသည်။ လိုက်နေကျလူက လိုက်မလာ၊ ဒါကို ဘရသေ့က သိနှင့်နေသည် ဆိုသည်။

“ … သူ့ကို အဘ တမင် မလာခိုင်းလိုက်တာ၊ ထိုင် … သမီး။ သမီးကို အဘ ပေးစရာလဲ ရှိတယ်၊ ပြောပြစရာလဲ ရှိတယ်။”

ဘရသေ့ရှေ့တွင် ဗေဒါရီ ကျုံ့ကျုံ့လေး ထိုင်ချလိုက်သည်။ သူမရှေ့တွင် ပိတ်ဖြူစ အဟောင်းတစ၊ ရွှေပေလွှာ ၄ ရွက်နှင့် ဗူးသီးခြောက် ရေဘူးတလုံးထည့်ထားသော ကြိမ်ခြင်းတောင်း တတောင်း။ ရွှေပေလွှာပေါ်တွင် ဗမာစာလုံးဖြစ်သော်လည်း ဗေဒါရီ နားမလည်သည့် စာတွေ ရေးထားသည်။ ပါဠိ သို့မဟုတ် သက္ကတ ဖြစ်လိမ့်မည်။

“သမီး မိဘတွေ အကြောင်းကို ဒေါ်ကြီး ပြောပြဖူးသလား။”

ဗေဒါရီ ခေါင်းကိုသာ အသာခါပြမိသည်။ ပြောပြဖို့ နေနေသာသာ မေးလျှင်တောင်မှ ဒေါ်ကြီးက သိပ်မကြိုက်ဟု ထင်သည်။ ဟက်ဟက်ပက်ပက် မရှိလှ။ “ဒေါ်ကြီး … မသိဘူး သမီး” ဟုသာ ဆိုသည်။ ဗေဒါရီကလဲ ကလေးဘဝတုန်းကသာ မိစုံဖစုံ သူငယ်ချင်းတွေကို အားကျလို့ မေးမိသော်လည်း သိတတ်လာသည့်အခါ မေးလျှင် ဒေါ်ကြီး စိတ်မကောင်း ဖြစ်တတ်မှန်း သိသဖြင့် မမေးတော့။

“အင်းလေ … သူမှ မသိပဲ။ အဘလဲ မသိပါဘူး။ ဘယ်သူမှလဲ သိမယ် မထင်ဘူး။”

ဗေဒါရီ မျက်လုံးအဝိုင်းသားနှင့် ဘရသေ့ကို ငေးနေမိသည်။ ဘရသေ့က စကားကို ဆက်သည်။

“လွန်ခဲ့တဲ့ ၁၈ နှစ်တိတိကပေါ့။ မိုးတွေ သည်းတဲ့တည အဘ ဘုရားဝတ်ပြုနေတုန်း ကလေးငိုသံလိုလို ကြားလို့ မသင်္ကာတာနဲ့ ကျောင်းတံခါးဖွင့်ကြည့်တော့ ဒီခြင်းတောင်းလေးထဲမှာ သမီးကို တွေ့ရတာပါပဲ။ ဘယ်သူလာချသွားလဲ အဘ လိုက်ရှာကြည့်ပေမဲ့ ညဘက်ကလဲ ဖြစ်၊ မိုးတွေကလဲ သည်းနေလို့ လူရိပ်တောင် မမြင်လိုက်ရပါဘူး။ သမီးရှေ့က ခြင်းနဲ့ ခြင်းထဲက ပစ္စည်းတွေက သမီးနဲ့ အတူတွေ့ရတဲ့ ပစ္စည်းတွေ၊ ဒီပစ္စည်းတွေက သမီးရဲ့ ပစ္စည်းတွေပါပဲ။ ထူးခြားတဲ့ ပစ္စည်းတွေမို့ ပစ္စည်းရှင် အရွယ်မရောက်မီ ပျောက်ပျက်မသွားအောင်လို့ အဘက ဝင်ပြီး ထိန်းသိမ်းပေးထားတဲ့ သဘောပါပဲ … အခု ပစ္စည်းရှင်လဲ အရွယ်ရောက်ပြီဆိုတော့ ပိုင်ရှင်ဆီကို ပြန်အပ်ခဲ့ပြီး အဘလဲ အဘကိစ္စတွေကိုပဲ အာရုံစိုက်နေချင်ပါပြီ။”

သူမ ရှေ့က ပစ္စည်းတွေကို ဗေဒါရီ ငေးကြည့်နေမိသည်။ ငွေကြေးအားဖြင့် တန်ဖိုး မရှိလှပေမဲ့ သူမ၏ မိဘ၊ မျိုးရိုး၊ ဇာတိကို သဲလွန်စကောက်နိုင်မည့် ပစ္စည်းတွေဆိုတော့ ဘရသေ့ပြောသလို ထူးခြားတဲ့ ပစ္စည်းတွေ၊ သူမအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေပါပဲ။

“ကဲ … ပေးစရာ ရှိတာ ပေးပြီးပြီဆိုတော့ ပြောပြစရာပဲ ကျန်တော့တယ်။ သမီး … ဗေဒါရီ … အဘသင်ပေးထားတဲ့ မန္တာန် နံပါတ် ၁၉ ကိုရွတ်ရင်း ဒီဗူးသီးခြောက်ထဲကို ရေပြည့်အောင် ဖြည့်လာခဲ့ချည်။”

“ရှင် … ”

“သမီး ခြင်းထဲက ဗူးသီးခြောက် … အဲဒီထဲကို ရေပြည့်အောင် သွားဖြည့်ချည်။”

“ဟုတ် … ဟုတ်”

သေချာ နားမလည်သော်လည်း အကြောင်းမရှိပဲ မပြောတတ်သော ဘရသေ့အကြောင်းသိသဖြင့် ဗေဒါရီ ဗူးသီးခြောက်ကို ယူကာ ကျောင်းရှေ့ရှိ ရေတွင်းသို့ အသာထွက်လာခဲ့သည်။ ရေတွင်းထဲမှ သူမ ဆွဲနိုင်သလောက် ရေအနည်းငယ် ငင်ယူပြီး ရေပုံးထဲသို့ ဗူးသီးခြောက်ကိုနှစ်၍ ပလုံစီများ ရပ်သွားသည်အထိ မန္တာန် နံပါတ် ၁၉ ကို အပြန်ပြန် အလှန်လှန် ရွတ်ရင်း စောင့်နေလိုက်သည်။ ထို့နောက် ရေပြည့်နေသော ဗူးသီးခြောက်ကို လက်နှစ်ဘက်ဖြင့် တရိုတသေကိုင်ကာ ဘရသေ့ရှေ့သို့ ပြန်လာပြီး အသာထိုင်လိုက်သည်။

“ဒီ ဗူးသီးခြောက်ထဲကို မန္တာန် ၁၉ ကို ရွတ်ပြီး သမီးလက်နဲ့ ရေဖြည့်ရင် ဖြည့်လိုက်တဲ့ရေက ဆုတောင်းပြည့်တယ်။”

မမျှော်လင့်ထားသော စကားပေမို့ ဗေဒါရီ ငိုင်သွားသည်။

“ဒီ ရွှေပေလွှာတွေပေါ်မှာ ဘာတွေ ရေးထားလဲ သိလား သမီး”

“ဟင့်အင်း အဘ၊ သမီး မသိဘူးရှင့်”

“မသိချင်ဘူးလား”

သူမ ဇာတိနှင့် ဆက်စပ်နေသော ကိစ္စဖြစ်သဖြင့် ဗေဒါရီ သိချင်လှပါသည်။

“သမီး သိချင်ရင် သိပါရစေလို့ ဆုတောင်းကြည့်လေ။”

ဗေဒါရီ ဗူးသီးခြောက်ထဲမှ ရေအနည်းငယ်ကို သူမ လက်ခုပ်အတွင်းသို့ သွန်ချပြီး ဆုတောင်းကာ ရွှေပေလွှာများပေါ်သို့ ရေစက်ကလေးများ တောက်ချလိုက်သည့်အခါ စာလုံးများတဖြည်းဖြည်း ပုံပြောင်းကာ ဗမာစာလုံးများအဖြစ် ပေါ်လာတော့သည်။ ပထမ ပေရွက်ပေါ်တွင် ပေါ်လာသည်က “ဇေယျသီရိ၏” … ဒုတိယ ပေရွက်ပေါ်တွင် “သူရဲကောင်း”။ ဗေဒါရီ ရေအနည်းငယ်ထပ်ယူကာ ဆုတောင်းပြီး တတိယနှင့် စတုတ္ထပေရွက်များပေါ်သို့ ရေစက်ကလေးများ ချလိုက်ပြန်သည်။ စတုတ္ထရွှေပေလွှာတွင် ပေါ်လာသည်က …

“ဝိဇ္ဇာနီ”

တတိယ ရွှေပေလွှာပေါ်တွင် ဘာမှ ပေါ်မလာ။ အင်မတန် တည်ကြည်သော ဘရသေ့၏ မျက်နှာသည်ပင် တမျိုး ဖြစ်သွားသည်။ ဗေဒါရီ ရေထပ်ယူပြီး ထပ်ဆုတောင်းကြည့်ပြန်သည်။ မရ။

“ဘရသေ့ … ”

“အကြောင်း တခုခုရှိလို့ ဖြစ်ပါလိမ့်မယ် သမီး”

“ဘရသေ့ ဖတ်တတ်တယ် မဟုတ်လား၊ သမီးကို ဘာရေးထားလဲ ပြောပြပါလား။”

“အင်း … ဒါပေမဲ့ အဘ ပြောပြလို့ မရဘူးသမီး။ တနေ့ အကြောင်း ညီညွတ်လာရင် သမီး သိလာမှာပါ။ အဘ နားလည်သလောက်ကတော့ ဒီတရွက်က သိပ်အရေးမကြီးပါဘူး။ ဝိဇ္ဇာနီဆိုတဲ့ စကားလုံးကို အမွှန်းတင်တဲ့ နာမဝိသေသန တလုံးပဲ။ ဒီစာလုံး ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ‘ဇေယျသီရိရဲ့ သူရဲကောင်း ဝိဇ္ဇာနီ’ ဆိုတဲ့ အနက်ပါပဲ။”

“ဝိဇ္ဇာနီ ဆိုတာကရော … ဘရသေ့”

“ဗူးသီးခြောက်ကို သမီး စလွယ်သိုင်း လွယ်လိုက်”

ဗူးသီးခြောက်ကို ဗေဒါရီ လွယ်လိုက်သည်နှင့် ဗေဒါရီအသွင်ကွယ်ကာ ဦးထုပ်နီ၊ မြစိမ်းရောင် ပုဝါပါးမျက်နှာအုပ်၊ ရှမ်းအကျီနီ၊ ဒူးဖုံးရုံ ရှမ်းဘောင်းဘီနီနှင့် ခုံဖိနပ် အနီရဲရဲကို ဝတ်ထားသော ဝိဇ္ဖာနီအသွင် ရောက်ရှိသွားလေသည်။

“ပြီးရင် ဟိုနားက စာအုပ်ဘီရိုကို ဒီဘက် မ ရွှေ့ခဲ့ချည်။”

“ဟာ … ဘရသေ့ ဘယ်လိုလုပ်ပြီး …”

“သွားမှာသာ သွားစမ်း သမီး”

“ဟုတ် … ဟုတ်”

စာအုပ်အပြည့်နှင့် ဘီရိုကြီးသည် ဝိဇ္ဇာနီ၏ လက်အတွင်းဝယ် ဝါဂွမ်းစိုင်ကဲ့သို့ ပေါ့ပါးနေသည်။ ဘရသေ့ ညွှန်ပြရာသို့ အသာပင် သယ်လာကာ ချထားလိုက်နိုင်သည်။

“အဲဒါက ဒီဗူးသီးခြောက်ရဲ့ ဒုတိယ ထူးခြားချက်ပဲ။ မန္တာန်စုပ်ပြီး ဖြည့်ထားတဲ့ရေ တစက်ရှိရင်ဖြစ်ဖြစ် ဒီဗူးသီးခြောက်ကို စလွယ်သိုင်းလိုက်ရင် သမီး ဝိဇ္ဇာနီအသွင် ရောက်သွားလိမ့်မယ်။ ဝိဇ္ဇာနီဟာ သာမာန်လူထက် မြန်တယ်၊ သန်မာတယ်၊ ဉာဏ်ကောင်းတယ်၊ တော်ရုံ တုတ်၊ ဓား၊ သေနတ်၊ မီးပေါက် ပြီးတယ်။ အခု ဇေယျသီရိမြို့ကြီးမှာ ဒုစရိုက်မှုတွေ ထူပေါလွန်းလို့ မြို့သူမြို့သားတွေ ကျီးလန့်စာစား သွားလာနေရတယ်၊ ညညဆို ကောင်းစွာ မအိပ်စက်နိုင်ပဲ ခြောက်ချားနေရတယ်။ ဒီ ဒုစရိုက်သမားတွေကို ဝိဇ္ဇာနီရဲ့ အစွမ်းနဲ့ နှိမ်နင်းပြီး မြို့သူမြို့သားတွေရဲ့ အားကိုးရာ၊ ဇေယျသီရိမြို့ရဲ့ ကယ်တင်ရှင် သူရဲကောင်း ဝိဇ္ဇာနီအဖြစ် သမီး တာဝန် ကျေစေ့ချင်တယ်။ ဒီတာဝန်ကို ကျေနိုင်ပါ့မလား သမီး … ဗေဒါရီ၊ အဘကို ကတိပေးခဲ့စမ်းပါ၊ အဘ စိတ်ချစမ်းပါရစေ။”

ဒီနေ့က ဗေဒါရီအတွက် စိတ်လှုပ်ရှားစရာတွေ အပြည့်နှင့်နေ့ပင် ဖြစ်တော့သည်။ ဒေါ်ကြီး မွေးနေ့လက်ဆောင်ပေးသော စိန်လည်ဆွဲမှအစ … သူမ၏ မွေးရာပါ ထူးဆန်းသည့် ပစ္စည်းများ အလည် … ဇေယျသီရိမြို့၏ ဒုစရိုက် နှိမ်နင်းရေး တာဝန်အဆုံး။ ဘရသေ့က ကတိကို အလောသုံးဆယ် တောင်းနေပြန်သည်။ ဘရသေ့ စကားပြောတာ ဒီနေ့ အဆန်းတွေချည်း၊ တစုံတခုကို လောနေသလိုမျိုး၊ အချိန်ကိုလုပြောနေရသလိုမျိုး။ ပုံမှန်အားဖြင့် ဖြည်းဖြည်းသာ ပြောတတ်သည့် ဘရသေ့သည် ဒီနေ့စကားပြောတာ နည်းနည်း ပိုမြန်နေသလိုပဲ။

“ဟုတ်ကဲ့ပါ ဘရသေ့၊ သမီး အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်။”

စကားအဆုံးတွင် သူမ၏ အစွမ်းများ ရုတ်တရက် ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ ကြည့်လိုက်တော့ ဘရသေ့ဘေးမှာ တောပျော် ဝိဇ္ဇာကြီး၊ သူ့လက်ထဲတွင်တော့ သူမ၏ ဘူးသီးခြောက်။

“ဦးရီး … ဘာလုပ်တာလဲ သမီး ဘူးသီးခြောက် ပြန်ပေး”

တောပျော်ဝိဇ္ဇာကြီးကို ဗေဒါရီ မကြောက်၊ သူမ ငယ်ငယ်ကတည်းက ဘရသေ့ကျောင်းမှာ တောပျော်ကြီးနှင့် မကြာခဏ ဆုံနေကျ။ တယောက်တည်းဆော့ရမှာ ပျင်းလျှင် တောပျော်ကြီးက သူမကို အဖော်လုပ်ကာ ဆော့ပေးတတ်သည့်အပြင် တခါတလေ စိတ်လိုလက်ရရှိလျှင် သိုင်းသင်ပေးသေးသည်။ ဘရသေ့ ကိစ္စရှိလို့ ပုံမပြောပြနိုင်သည့်အခါများတွင် တောပျော်ကြီးက ဟိမဝန္တာတောတွင်းက အတွေ့အကြုံများကို ပြောပြတတ်သည်။ ယခုလဲ သူမကို စနောက်နေသည်ပဲ ထင်မိသည်။ တောပျော်ကြီးက ဘူးသီးခြောက်အတွင်းမှ ရေအနည်းငယ်ကို သူ့လက်ပေါ်လောင်းချလိုက်သည့်အခါ သူ့လက်ထဲတွင် ဓားရှည်တချောင်း ပေါ်လာသည်။

“ဝိဇ္ဇာနက် … မင်းကွာ၊ မင်းပြန်မိုက်တော့မလို့လား။”

ဘရသေ့က တောပျော်ကြီးကို စေ့စေ့ကြည့်ရင်း မေးသည်။ ဗေဒါရီ နားမလည်။ ဘယ်က ဝိဇ္ဇာနက်လဲ။

“ကျုပ်က ဘယ်တုန်းကမှ မလိမ္မာခဲ့တာဗျ ရသေ့ကြီးရ။ ဒီဘူးသီးခြောက်ကို သူငယ်မ ဘယ်တော့မှ ရေဖြည့်မလဲလို့ စောင့်လိုက်ရတာ။ အခုမှပဲ … ”

ဗေဒါရီ သူမ ဘူးသီးခြောက်ကို ပြန်လုရန် ရှေ့ကို သွက်သွက်လေး ပြေးသွားလိုက်သည်။ သို့သော် နှစ်လှမ်းပင် မလှမ်းရသေးမီ ဝိဇ္ဇာနက်က ခြေကို ဆောင့်လိုက်ရာ ဝုန်းကနဲ အသံမြည်ပြီး သူမ အနောက်ဘက်ကို ပြန်လွင့်သွားသည်။ ဖင်ထိုင်လျက်ကျတာ တော်တော်နာသဖြင့် ပါးစပ်က အင့်ကနဲ အသံထွက်လာသည်။ သူမ လှမ်းကြည့်တော့ ဘရသေ့၏ လည်မှာ ဝိဇ္ဇာနက်၏ ဓား။

“ကောင်မလေး … နင် ရှေ့တလှမ်း ထပ်တိုးရင် ရသေ့ကြီး ခေါင်းနဲ့ ကိုယ်နဲ့ အိုးစားကွဲပြီမှတ်”

ဘရသေ့၏ မျက်နှာ ရုတ်တရက် တည်သွားသည်၊ ထို့နောက် ခေါင်းကို နှစ်ချက်မျှ ငြိမ့်ပြီး ပြုံးယောင်သန်းလာပြန်သည်။ ပြီးတော့ ဗေဒါရီကို စေ့စေ့ကြည့်ပြီး …

“သမီး … သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်”

ဘရသေ့၏ စကားအဆုံးတွင် တောပျော်ကြီးက ဘရသေ့ကို ဓားဖြင့် ခုတ်ချလိုက်တော့သည်။

“ဘရသေ့ … ”

ယနေ့တွေ့ကြုံရသမျှထဲတွင် အထူးဆန်းဆုံးမှာ ဘရသေ့ကို ဓားဖြင့်ခုတ်ပြီးသည်နှင့် ဝိဇ္ဇာနက် ကြောက်လန့်တကြား ထွက်ပြေးသွားခြင်းပင် ဖြစ်လေသည်။

“သမီး … ဘရသေ့ကို ပေးထားတဲ့ ကတိ … တည်ပါစေ။”

ဗေဒါရီ ခေါင်းငြိမ့်အပြတွင် ဘရသေ့ ကွယ်သည်။ သွေးစွန်းသော ဖန်ရေဆိုး အဝတ်သည်သာလျှင် ကြွင်းကျန်ရစ်လေသည်။

ဟိုနေ့က စတားဝါးစ် အဟောင်းပြန်ကြည့်ဖြစ်တယ်။ အာ့နဲ့ ဒီနားက ဇာတ်ကွက်ကို နည်းနည်းပြောင်းလိုက်တယ်။ သေမှာကတော့ တူတူပါပဲ။

🏵️(အခန်း ၂)🏵️

အိပ်မက်ဆိုးတွေကြောင့် အစောကြီး လန့်နိုးနေပြီး ရုတ်တရက် ပြန်အိပ်မပျော်၊ မနက်လင်းခါမှ ပြန်အိပ်ပျော်သွားသဖြင့် ဗေဒါရီ အိပ်ယာထ အတော် နောက်ကျသည်။ သူမ ရေချိုး အဝတ်လဲ၊ ဘုရားရှိခိုးပြီး အောက်ထပ်ကို ဆင်းလာတော့ ထမင်းစားခန်းထဲမှာ လူအတော် စုံနေပြီ။ စည်းကမ်း သတ်မှတ်ထားတာ မဟုတ်ပေမဲ့ မြကြာဖြူအဆောင်မှာ မနက်စာနှင့် ညစာကို လက်ဆုံစားတာ အစဉ်အလာဖြစ်နေပြီ။ စားရင်းသောက်ရင်း မိန်းကလေးတွေ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး စကားစမြည် ပြောကြသည်၊ ကျောင်းစာ၊ အလုပ်ကိစ္စအပြင် ရည်းစားသနာ ကိစ္စတွေအထိ အတွေ့အကြုံ ဖလှယ်ကြ၊ အကြံဉာဏ်ပေးကြနှင့် ပျော်စရာကောင်းလှသည်။

“ဗေဒါလေး … ဒီနေ့ အတန်းရှိတာလား။ လာထိုင်၊ လာ။”

မဟန်ဆုဝေက သူ့ဘေးက ခုံလွတ်ကို ဆွဲပြီး ဗေဒါရီကို ခေါ်ထိုင်သည်။ မဝေအလုပ်က လေယာဉ်မယ်လား၊ တိုးဂိုက်လားတော့ ဗေဒါရီ သေချာ မသိ၊ ခရီး မကြာခဏ ထွက်ရသည်ကိုတော့ သတိထားမိသည်။ မြကြာဖြူအဆောင်တွင် အများအားဖြင့် ကျောင်းသူများသာ လက်ခံတတ်သော်လည်း စမတ်ကျကျ နေထိုင်တတ်ပြီး လှလှပပ ပြင်ဆင်တတ်သည့် မဝေကို ဒေါ်ကြီးက အတော် သဘောကျသဖြင့် အရင်လကမှ လက်ခံထားခြင်း ဖြစ်သည်။ မဝေကလဲ မိန်းမချင်းပင် ငေးရလောက်အောင် ပြင်ဆင်တတ်သည်။

“ဟုတ် … မဝေ”

ဟု ပြန်ဖြေပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်ချိန်တွင် ထမင်းစားခန်းထဲသို့ ဂျင်းဂျာကင်နှင့် ဂျင်းဘောင်းဘီ ဝတ်ထားပြီး ဆံပင်ရှည်ကို စည်းထားသည့် အရပ်မြင့်မြင့် ဧည့်သည် တယောက်နှင့်အတူ ဒေါ်ကြီးဝင်လာသည်။ မြကြာဖြူ အဆောင် ထုံးစံအရ ယောက်ျားလေး ဧည့်သည်ကို ဧည့်ခန်းမှာပင် ဧည့်ခံရသည်၊ ထမင်းစားခန်းထဲကို ခေါ်ခွင့် မရှိ၊ ဒေါ်ကြီးသည်ပင် ဘယ်လောက်ပဲ ရင်းနှီးသည့် ဧည့်သည်ဖြစ်စေကာမူ အတွင်းခန်းထဲ ခေါ်မလာတတ်။ ထူးတော့ ထူးဆန်းသည်။

“အားလုံးပဲ၊ ကျနော်က ဒီနယ်က ဆားပုလင်းပါ။”

ဧည့်သည်က သူ့ကိုယ်သူ မိတ်ဆက်သည်။ အသံက မာရေကျောရေ ရှိသော်လည်း ယောက်ျားသံမဟုတ်။ သူမ ကောက်ကြောင်းတွေက သိသာသော်လည်း ထင်ထင်ရှားရှား မဟုတ်။ စားပွဲက ထိုင်ခုံတလုံးကို ဆွဲလှည့်ပြီး ကားယားခွထိုင်ကာ စားပွဲပေါ်က စမူဆာတခုကို ယူစားတော့ မဝေက နှာခေါင်းရှုံ့သည်။

“ဒီနှစ်ဆန်းက … ရက်အတိအကျတော့ ကျနော်တို့ မသိဘူး … သီရိမြိုင်ဘက်မှာ အိမ်ငှားနေတဲ့ ကျောင်းသူ ၄ ယောက် ပျောက်သွားတယ်။ အိမ်ရှင်လင်မယားက အိမ်လခ လာမပေးတာ အချိန်အတော်လွန်နေလို့ သွားကြည့်တော့မှ ကောင်မလေးတွေ ပျောက်နေတာ သိတာ။ အဲဒါနဲ့ လူပျောက်မှု ဖွင့်ထားတာ … ”

ပြောရင်းနှင့် ဆားပုလင်းမက မနှင်းနှင်းသွင်ရှေ့က ကော်ဖီခွက်ကို ယူပြီး တကျိုက်ကျိုက်သည်။ ဘာမှ မပြောသော်လည်း ဒေါ်ကြီးမျက်နှာ တမျိုးဖြစ်သွားသည်။ သူ စကားစကို ဆက်သည်။

“အရင်လက စပါယ်ဦး အဆောင်က ကောင်မလေးတွေ အားလုံး ညတွင်းချင်း ပျောက်သွားပြန်တယ်။ ညဘက် ဧည့်ချိန်ပြီးလို့ အဆောင် သော့ခတ်တဲ့ အချိန်ထိ ပုံမှန်ပဲ။ မနက် အဆောင်တံခါး ဖွင့်တော့ တယောက်မှ မရှိတော့ဘူး။ သီရိမြိုင်က အိမ်လိုပဲ၊ ရုန်းတဲ့ ကန်တဲ့ လက္ခဏာမရှိဘူး၊ ပစ္စည်းတွေလဲ ခြေရာလက်ရာ မပျက်ဘူး၊ ထူးထူးဆန်းဆန်း လူချည်း ပျောက်သွားတာ။ သီရိမြိုင်က အိမ်နဲ့ မတူတာက အဆောင် ဧည့်ခန်းမှာ လိင်ဆက်ဆံထားတဲ့ သဲလွန်စတွေ အများကြီး တွေ့တာပဲ။”

လက်ကျန် စမူဆာကို ပါးစပ်ထဲ ထည့်ဝါးသည်။ ဆီပေနေသော လက်ကို ပါးစပ်ထဲ ထည့်စုပ်သည်။ ဒီလို ကိစ္စကို အစားအသောက်မပျက် ပြောနေနိုင်သော ဒီဆားပုလင်းမကို ဗေဒါရီပင် အမြင်ကပ်သွားသည်။

“မစောရှင်ကေသော် … ဒီကိစ္စတွေနဲ့ မြကြာဖြူ အဆောင်နဲ့ ဘယ်လိုများ ပတ်သက်နေပါသလဲ။”

ဝင်မေးသော ဒေါ်ကြီးသည်လည်း အတော်ပင် စိတ်မသက်မသာ ဖြစ်နေပုံရသည်။

“သြော် … ဒါလား။”

စမူဆာ နောက်တခုကို ထပ်ယူပြီး တကိုက်ကိုက်သည်။ ကြည့်ရတာ မနက်စာ စားရသေးပုံ မပေါ်။

“မနေ့က ပြည့်တန်ဆာမှုနဲ့ ကျနော် ဖမ်းလိုက်တဲ့ အထဲမှာ သီရိမြိုင်က ကလေးမတယောက် ပါလာတယ်။ သူ့ကို စစ်ဆေးတော့ ဖြေတာတွေကလဲ ကပေါက်တိ ကပေါက်ချာပါ၊ ပရောဂလိုလို၊ အောက်လမ်းလိုလို ဟာတွေလဲ ပြောတယ်။ ကျနော် နားလည်တာကတော့ တို့ဆေးမိပြီး နယ်စပ်မှာ ရောင်းစားခံရတယ်ပေါ့။ သူပြောတာတော့ သူ့ကို ဖမ်းတဲ့ လူကုန်ကူးဂိုဏ်းကပဲ စပါယ်ဦး ကေ့စ်ကို လုပ်သွားတာတဲ့။ အဲဒါလေးက တော်တော်ထူးတယ်။ အမှုလိုက်ရတာ အနှောက်အယှက်ဖြစ်မှာစိုးလို့ ကျနော်တို့ ဖုံးဖိထားလို့ စပါယ်ဦး ကေစ့်ကို ရဲထဲမှာတောင် လူတိုင်းသိတာ မဟုတ်ဘူး။ အဲဒါကို သူက သိနေတယ်။ နောက်တခုက … ”

မဝေက အတော်ပင် စိတ်ညစ်နေပုံ ရသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆားပုလင်းမကို မကြည့်ပဲ ဗေဒါရီဘက်ကို မျက်နှာလှည့်နေသည်။ စမူဆာ ၂ ခုတိတိ ဗိုက်ထဲဝင်မှ ဆားပုလင်းမက စကားဆက်သည်။

“အဲ … နောက်တခုက အဲဒီ လူကုန်ကူးဂိုဏ်းရဲ့ နောက်ပစ်မှတ်က မြကြာဖြူ အဆောင်လို့ ပြောတယ်။”

ထမင်းစားခန်းတွင် ထိုင်နေကြသော ကောင်မလေးတွေ အတော်ပင် တုန်လှုပ်သွားကြသည်။ မဝေတယောက်သာ သိပ်မတုန်လှုပ်ပဲ တည်တည်ငြိမ်ငြိမ်ရှိသည်။ ဖမ်းပြီး ရောင်းစားခံရမှာ မကြောက်တဲ့ မိန်းကလေး ဘယ်ရှိပါ့မလဲ။ စောရှင်ကေသော်ဟုခေါ်သော ဆားပုလင်းမက ဒေါ်ကြီးဘက် လှည့်ပြီး …

“သိပ်လဲ မကြောက်ကြပါနဲ့၊ သတိ ဝီရိယနဲ့တော့ နေကြပေါ့။ မြကြာဖြူက ကျနော့် အပိုင်ထဲမှာဆိုတော့ ကျနော်လဲ သတိထားပြီး စောင့်ကြည့်ပေးမှာပါ။ ခွင့်ပြုပါဦး။”

စကားဆုံးသည်နှင့် ဒေါ်ကြီးကိုပင် သီးသန့် နှုတ်မဆက်တော့ပဲ ထထွက်သွားသော စောရှင်ကေသော်၏ ကျောပြင်ကို ကြည့်ရင်း ဗေဒါရီတို့တတွေ မနက်စာပင် စားမဝင်တော့။

xxx xxx xxx

ညနေပိုင်း ဗေဒါရီ ကျောင်းက ပြန်ရောက်တော့ ဒေါ်ကြီးက မျက်ရိပ်ပြပြီး ဘုရားခန်းထဲ ခေါ်သွားသည်။ နှစ်ယောက်သား ဘုရားဦးချပြီးတော့ ဒေါ်ကြီးက စကားစလိုဟန်ဖြင့် …

“သမီး … ”

“ရှင်”

“မနက်က လာသွားတဲ့ ရဲမေပြောတာ … ”

“ဟုတ် … ဒေါ်ကြီး သမီးသိပါတယ်။”

တကယ်လဲ ဗေဒါရီ သိပါသည်၊ စောာရှင်ကေသော် ပြောသွားသည့် မှုခင်းတွေက သူမလက်နှင့် ဖြည့်ထားသည့် ရေပြည့်လုနီးနီး အစွမ်းထက် ဘူးသီးခြောက်ကို လက်ဝယ်ရထားသည့် တောပျော်ကြီး တဖြစ်လဲ ဝိဇ္ဇာနက်အတွက် ထမင်းစား၊ ရေသောက်ဆိုသလို ကျူးလွန်နိုင်သော အမှုများ ဖြစ်သည်။ ဒီတော့ ဒီအမှုတွေ ဖြစ်ရတာ သူမစနက်ပင် မကင်းသလို ခံစားရသည်။

“အို … သမီးလေးက ဒါတွေ ခေါင်းထဲ ထည့်မနေနဲ့။ ဒေါ်ကြီးလဲ သနားပေမဲ့ သတ္တဝါတခု ကံတခုပဲလေ။ အခု အရေးကြီးတာက ဒေါ်ကြီးကို အားကိုးပြီး လာနေတဲ့ ကလေးမတွေ မဖြစ်သင့်တာ မဖြစ်ရအောင် ဘယ်လိုလုပ်ကြမလဲ။”

“မစောရှင်ကရော … ”

ဒေါ်ကြီးက သက်ပြင်းချသည်။

“သူက သူဖြတ်သန်းလာရတဲ့ ဘဝ အတွေ့အကြုံအရ သိမ်သိမ်မွေ့မွေ့ မရှိပေမဲ့ စိတ်ထားလေးတော့ ကောင်းရှာပါတယ်။ သူ့ကိုတော့ ဒေါ်ကြီး ယုံတယ်။”

အဆောင်သူ အားလုံးရဲ့ လုံခြုံရေးကို စိတ်ကြမ်းလူကြမ်းနှင့် သူ့လက်ထဲ အပ်ရလောက်အောင် ဒေါ်ကြီး ယုံလို့လားဟု မေးချင်သော်လည်း ဗေဒါရီ နှုတ်ဆိတ်နေလိုက်ပါသည်။ ဒေါ်ကြီးက စကားစကို ဆက်သည်။

“မြင်အပ်တဲ့ အန္တရာယ်အတွက်တော့ သူရှိရင် စိတ်အေးရပါတယ်။ မမြင်အပ်တဲ့ အန္တရာယ်အတွက်သာ … ”
ဆက်မပြောသေးပဲ ဒေါ်ကြီးက သက်ပြင်းချပြန်သည်။ ပြိးမှ …

“အဲ … အဲဒီ ဝိဇ္ဇာနက်ရဲ့ မမြင်အပ်တဲ့ အန္တရာယ်ကို ကာကွယ်ဖို့ သမီးမှာ နည်းလမ်း မရှိဘူးလား။”

ဗေဒါရီ စဉ်းစားလိုက်တော့ အကြံတခုရသည်။ သူမ ငယ်စဉ်က ဘရသေ့ သင်ပေးခဲ့သော ပထမဆုံး မန္တာန်မှာ အန္တရာယ်ကင်း ဂါထာတပုဒ် ဖြစ်သည်။ ရာမယဏ ဇာတ်တော်ကြီးတွင် ပါရှိသော ဟာနုမာန်မျောက်မင်းက သီတာဒေဝီကို အန္တရာယ်မကျရောက်ရအောင် စည်းချခဲ့စဉ်က စုတ်ခဲ့သော ဂါထာဟု ဆိုသည်။ အစွမ်းထက် မှော်ဝင်ပစ္စည်းတစ်ခုကို စိမ်ထားသော ရေကို အဆိုပါ ဂါထာဖြင့် မန်းမှုတ် စည်းချထားပါက မြကြာဖြူ အဆောင်ကို ဝိဇ္ဇာနက်၏ လူကုန်ကူးဂိုဏ်းရန်မှ ကာကွယ်နိုင်လောက်သည်ဟု တွက်ဆမိသည်။ မှော်ဝင်ပစ္စည်းမှာလဲ ဝေးဝေးရှာစရာ မလို၊ ဘရသေ့ ချန်ထားရစ်သော သင်္ဃန်းကို အမှတ်တရအနေနှင့် ဒေါ်ကြီးက သိမ်းထားသည်မို့ အဆင်သင့်ပင် ယူငင် အသုံးပြုနိုင်သည်။ ဒေါ်ကြီးကို ပြောပြရာ သဘောတူသဖြင့် ဗေဒါရီတို့ နှစ်ယောက် ချက်ချင်းပင် အကောင်အထည် ဖော်ကြတော့သည်။

xxx xxx xxx

မှော်ဝင်ပစ္စည်းကို ရေစိမ်သည်က မခက်၊ ခက်သည်က စည်းချဖို့ရန် ဂါထာကို စုတ်ရတာ ဖြစ်သည်။ ဒေါ်ကြီးက သူကိုယ်တိုင် လုပ်ချင်သည်မို့ သူ့ကို ဗေဒါရီ နှုတ်တိုက် ချပေးရသည်။ ဗေဒါရီက ရှေ့ကတိုင်၊ ဒေါ်ကြီးက နောက်က လိုက်ရွတ်နေစဉ် ဘုရားခန်းထဲ မေ၀ ဝင်လာသည်။ မဝေက ခရီးမသွားလျှင် တနေကုန် အဆောင်မှာ နေသည်မို့ ညနေ ကျောင်းသူတွေ ပြန်မရောက်မီကပင် ရေချိုး၊ အဝတ်လဲပြီးနှင့်ပြီ။

“ဒေါ်ကြီးတို့ ဘာတွေ ရွတ်နေတာတုန်း။”

ဒေါ်ကြီးက ဗေဒါရီကို တချက်လှမ်းကြည့်လိုက်ပြီးမှ မဝေကို ပြန်ဖြေသည်။

“အန္တရာယ်ကင်း ဂါထာလေ၊ သမီးသိတဲ့အတိုင်း အခုခေတ်ကာလက မကောင်းဘူးဆိုတော့ အဆောင်မှာ အန္တရာယ်ကင်းအောင် ရွတ်ပြီး စည်းချမလို့။”

အန္တရာယ်ကင်း ဂါထာမှန်း သိသွားသောအခါ သူလဲ တတ်ချင်သည်၊ သင်ပေးပါဆိုတော့ လူအုပ် ပိုတောင့်သွားသည်။ ဂါထာက တိုသည့်အပြင် ဒေါ်ကြီးရေ မဝေပါ ဉာဏ်ကောာင်းကြသည်မို့ ခဏလေးနှင့် ဂါထာကို အလွတ်ရသွားကြတော့သည်။ ဒေါ်ကြီးက လမ်းမဘက်က အဆောင်ရှေ့ မျက်နှာစာ၊ ဗေဒါရီက အဆောင် နောက်ဖေးနှင့် မဝေက ဗေဒါရီနှင့် သူမတို့ အိပ်ခန်များ ရှိရာ လမ်းသွယ်ဘက်ခြမ်းကို အသီးသီး တာဝန်ယူ စည်းချကြသည်။

🏵️(အခန်း ၃)🏵️

တဝေါဝေါနှင့် ညနေစောင်းကတည်းက သည်းကြီးမည်းကြီး ရွာနေသည့် မိုးက သိန်းခေါင်ယံတိုင် မတိတ်နိုင်သေး၊ ဆန်းသစ်စ လကွေးကွေးလေးမှာ တိမ်မည်းမည်းတွေ ဖုံးအုပ်ထားသဖြင့် ခေါင်းမပြူနိုင်ရှာ။ လူ၊ သူ မဆိုထားနှင့်၊ ခွေးတကောင်၊ ကြောင်တမြီးမှ မရှိသော လမ်းမများက သုသာန် တစပြင်ကဲ့သို့ ခြောက်ကပ်လျှက်ရှိသည်ကို တချက်တချက် ပေါ်ထွက်လာတတ်သော ကြောက်မက်ဖွယ် မိုးခြိမ်းသံများ၏ ရှေ့ပြေး လျှပ်စီးရောင် တဝင်းဝင်းအောက်တွင် ခြောက်ခြားစဖွယ် တွေ့မြင်နိုင်သည်။

အမှောင်ထုအတွင်းတွင် မြကြာဖြူအဆောင်ကို မမှိတ်မသုန် စူးစိုက်ကြည့်နေသော မျက်ဝန်းတစုံ … ပို၍ တိတိကျကျ ပြောရပါလျှင် လမ်းသွယ်အတွင်းရှိ ခနော်နီ ခနော်နဲ့ မီးကင်းလေးပေါ်တွင် အအေးဒဏ်ကို အံတုကာ ကျုံ့ကျုံ့လေး ထိုင်နေသော ဆားပုလင်း စောရှင်ကေသော်၏ မျက်ဝန်းတစုံ၏ စောင့်ရှောက်မှုအောက်တွင် မြကြာဖြူအဆောင်အပေါ် မည်သည့် မြင်အပ်သော အန္တရာယ်မှ ကျရောက်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် မမြင်အပ်သော အန္တရာယ်သည် လမ်းမဘက်မှ မီးကင်းရှိရာ လမ်းသွယ်အတွင်းသို့ ခြေလှမ်းများကို ရေတွက်ရင်း လမ်းလျှောက်ဝင်လာပြီးလျှင် တနေရာအရောက်၌ ခြံစည်းရိုးကို ခုန်ကျော်၍ ပိတ်ထားသော ပြတင်းပေါက်ကို အသာပင် တွန်းဖွင့်ကာ ဗေဒါရီ၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။

xxx xxx xxx

လည်ပင်းတွင် အေးသော အထိအတွေ့ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ ဗေဒါရီ နိုးလာသည်။ မျက်လုံးကို ဖွင့်ကြည့်တော့ သူမအပေါ် မိုးကာရပ်နေသော လူတယောက်၊ သူမ မအော်နိုင်မီမှာပင် လူစိမ်း၏ သန်မာသော လက်များက သူမပါးစပ်ပေါ် ရောက်လာသည်။

“ဘာတံမှ မထွက်နဲ့၊ အတံထွက်တာနဲ့ လည်ပင်းပြတ်ပြီတာမှတ်။ နားလည်လား ကောင်မ”

“ … ”

“နားလည်ရင် မျက်လုံးမှိတ်ပြ။”

အားမတန်သည်မို့ မျက်လုံးကို အသာမှိတ်ပြလိုက်ရသည်။

“ထ … ”

ကြောက်ကြောက်နှင့် သူခိုင်းသည့်အတိုင်း လိုက်လုပ်နေရသည်။ မတ်တပ်ရပ်မိသည့်အခါ လူစိမ်း၏ ဘယ်လက်က ဗေဒါရီ့ ခါးကိုဖက်၍ ညာလက်က ဓားကိုကိုင်၍ လည်ပင်းမှာ ထောက်ထားသည်။

“အောက်ဆင်း … ”

အောက်ထပ်ကို ရောက်တော့ …

“တီခါးဖွင့်”

လမ်းမကြီးဘက်က အဆောင်တံခါးကို ဖွင့်ခိုင်းနေခြင်း။ မင်းတုတ် နှစ်ချောင်းကို ဆွဲဖြုတ်ကာ တံခါးဖွင့်ပေးလိုက်တော့ တံခါးဝမှာ လူတစု။ ခေါင်းတုံးပြောင်ပြောင်၊ ကုတ်အကျီနှင့် လူကြီးက အရပ်အတော်မြင့်သည်၊ ၆ ပေမဟုတ်တောင် ၅ ပေ ၁၀ လောက်တော့ အနည်းဆုံးရှိသည်။

“ကောင်မ … အထဲဝင်လို့ ခေါ်လိုက်လေ။”

ဗေဒါရီ သိလိုက်ပြီ၊ သူတို့ စည်းချထားလို့ ဒီလူစု အထဲကို အင်အားသုံးပြီး ဝင်မလာနိုင်တာ။ ဒါပေမဲ့ ဒီတရုတ်ကတော့ ဘယ်လိုလုပ် သူမအခန်းထဲ ဝင်လာနိုင်တာလဲ မသိ။

“ဟင့်အင်း … ”

သူမ လည်ပင်းကို အေးစက်စက် ဓားသွား လာထိသည်။ သေခါမှ သေစေတော့၊ အဆောင်သူအားလုံး၏ အန္တရာယ်ကို အဆောင်တွင်းသို့ သူမ ဖိတ်မခေါ်နိုင်။ လှေခါးထိပ်မှ အသံကြားရသည်။ ကြည့်ရတာ ဒေါ်ကြီးတို့ ရုပ်ရုပ်သဲသဲသံကြောင့် နိုးလာကြပုံရသည်။ ဗေဒါရီ အားတွေ ရှိလာသည်။ ဒေါ်ကြီး၏ စောင့်ရှောက်မှုအောက်တွင်ရှိသော အဆောင်သူတွေအတွက် သူမတယောက် အသက်ပေးလိုက်ရမှာ တန်ပါသည်။ သူမ စိတ်ကိုလျှော့၍ မျက်လုံးများကို မှိတ်လိုက်သည်။

“သမီး … ”

စိုးရိမ်တကြီး အော်လိုက်သော ဒေါ်ကြီး၏ အသံနှင့်အတူ …

“ခေါ်လိုက်ပါ … ဗေဒါလေးရယ်၊ ရှင်တို့ လေးယောက် ဝင်ခဲ့ပါ။” ဟု ဖိတ်ခေါ်လိုက်သော မဝေ၏ အသံကို ကြားလိုက်ရသည်။

“နင်တို့အကုန်လုံး ဆင်းလာကြ၊ နင်တို့ လာကြ။”

သူ့လူတွေ အထဲရောက်သည်နှင့် တရုတ်က ဒေါ်ကြီးတို့ဘက်လှည့်၍ အမိန့်ပေးသည်။ ဒေါ်ကြီးက သိပ်တုန်လှုပ်ဟန် မပြသော်လည်း မျက်နှာ အတော်ကြီး ပျက်နေသည်။ ကြောက်တာထက် ဒေါ်ကြီး ဒေါသထွက်နေပုံရသည်၊ ဒေါ်ကြီး ဒေါသထွက်တာ တွေ့ရခဲပါသည်။

xxx xxx xxx

“မင်းတို့ အကုန်လုံး နားထောင်၊ အခုအချိန်ကစပြီး မင်းတို့ဟာ ကျောင်းသူ မဟုတ်တော့ဘူး၊ လခစား ဝန်ထမ်းလဲ မဟုတ်တော့ဘူး၊ မားကတ်တင်း၊ ဘဏ်ဝန်ထမ်း၊ တိုးဂိုက် … ဘာမှ မဟုတ်တော့ဘူး။ မင်းတို့ဟာ ရှင်းရှင်းပြောရရင် ‘ဖာ’ ဖြစ်သွားပြီ။ မင်းတို့အလုပ်က ကိုယ့်ဟာကိုယ် လှအောင် ပြင်ဖို့ရယ်၊ ဧည့်သည် ဧည့်ခံဖို့ရယ်ပဲ ရှိတယ်။ ကျန်တာ မင်းတို့ အလုပ်မဟုတ်တော့ဘူး။ … ”

မျက်နှာမှာ ကျောက်ပေါက်မာ သဲ့သဲ့နှင့် လူက ပြောသည်။ ဗေဒါရီတို့တတွေကို ဧည့်ခန်းအလည် ကြမ်းပြင်မှာ စုထိုင်ခိုင်းထားပြီး သူတို့ ၅ ယောက်က ဝိုင်းကာ ရပ်နေကြသည်။ အားလုံးက ကြောက်လန့်ကာ ငိုမဲ့မဲ့ဖြစ်နေကြသော်လည်း ဒေါ်ကြီးနှင့် မဝေက တည်တည်ငြိမ်ငြိမ် ရှိနေသည်။ အထဲရောက်ပြီးသည်နှင့် တံခါးမကြီးကို မင်းတုတ်ချကာ ပြန်ပိတ်လိုက်သဖြင့် တဝေါဝေါနှင့် ရွာနေသော မိုးသံတွေကြားထဲမှာ သူတို့အားလုံး အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေကြသည်။

“ … အလှပြင်တာ မင်းတို့ကို ထွေထွေထူးထူး သင်စရာမလိုဘူး၊ ဧည့်သည်ကို စိတ်ကြိုက်တွေ့အောင် ဘယ်လို ဧည့်ခံရသလဲဆိုတာတော့ သင်ပေးရမယ်။ မ

ပူပါနဲ့၊ လက်တွေ့ သရုပ်ပြပြီး သင်ပေးမှာပါ။ … မင်း … ဟုတ်တယ်၊ မင်း လာခဲ့၊ ဒီကို”

ကျောက်ပေါက်မာနှင့် မျိုးဇော်ဆိုသူက ဗေဒါရီတို့တတွေကို ဝေ့ကြည့်ရင်း မဟန်ဆုဝေကို လက်ညိုးထိုးကာ ခေါ်သည်။ မဝေက စောစောက တည်တည်ငြိမ်ငြိမ်ရှိရာက ဒုတိယအကြိမ် လက်ညိုးထိုးကာ အခေါ်တွင် ခြေကာ လက်ကာနှင့် ငြင်းသည်။

“ဟင့်အင်း၊ ဟင့်အင်း … မလာဘူး။”

တရုတ်နှင့် ဖိုးနီဆိုသူက မဝေကို အတင်းဆွဲထူသည်။ မဝေက ကြောက်လန့်တကြား အတင်း ငြင်းဆန် ရုန်းကန်နေသည်။ တရုတ်က သူ့အကျီအိတ်ထဲမှ လောက်စာလုံးလို မဲမဲလုံးလေးကို ထုတ်သည်။

“တီဆေးလုံးလေး စားလိုက်၊ ပြီးတာနဲ့ နင် ငြင်းချင်စိတ် စိတော့မှာ မဟုတ်ဘူး။”

“ဟင့်အင်း … ရှင်တို့ မှားနေပြီ၊ လူမှားနေပြီ။ ကျမက ရှင်တို့ လူလေ။”

ဆက်လက်ဖတ်ရှု့ရန် အောက်သို့ အနည်းငယ်သွားပေးပါနော်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top