သားဖြစ်သူ မိန်းမခိုးလာတော့ ဦးလှဖေတို့ လင်မယားက သူတို့နေတဲ့ အိပ်ခန်းလေးကို ဖယ်ပေးရပါတယ် ။ ဧည့်ခန်းတစ်ခန်း ၊ အိပ်ခန်းတစ်ခန်း ၊ ထမင်းစားခန်း တစ်ခန်းနဲ့ မီးဖိုဆောင်လေးတစ်ခုသာပါတဲ့ တိုက်ခန်းဆိုတော့ မိန်းမခိုးလာတဲ့ သားအတွက် အိပ်ခန်းတစ်ခန်းပေးရတာပါ ။
သားက အသက် ၃၀ ကျော်ပြီး ချွေးမက ၁၉ နှစ်ပဲ ရှိသေးတော့ ဦးလှဖေ အတော်လေး သဘောကျနေပါတယ် ။ အဖေနဲ့သားက ဘောလုံးဝါသနာအိုးတွေပါ ။ သားအဖဆိုပေမယ့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းလည်း ရှိကြပါတယ် ။
သားနဲ့ ချွေးမအတွက် အိပ်ခန်းပေးပြီး ဦးလှဖေတို့ လင်မယားကတော့ အိမ်ရှေ့က ဧည့်ခန်းမှာ အိပ်ရပါတယ် ။ မိန်းမခိုးလာတဲ့ညမှာပဲ သားဖြစ်သူက ညလယ်လောက်မှာ အိမ်ရှေ့ထွက်လာပြီး ဝရံတာမှာ ထိုင်နေတာကို ဦးလှဖေမြင်တော့ ခြင်ထောင်ထဲက ထွက်လာပြီး သားဖြစ်သူကို မေးပါတယ် ။
” သား ၊ အချိန်မတော် ဘာထွက်လုပ်နေတာလဲ ”
” ပထမပိုင်းပြီးလို့ ခဏနားတယ် အဖေ ”
” အဆင်ပြေရဲ့လားကွ ”
” ဘာကိုလဲ အဖေ ”
” ဘယ်နှစ်ဂိုး သွင်းလိုက်သလဲ ”
” နှစ်ဂိုးတောင် မနည်းသွင်းရတယ် အဖေရာ ”
” ဟာ……ဘယ်လိုဖြစ်တာလဲ ”
” အဝင်အထွက် နည်းနည်းကြမ်းတာနဲ့ ခရာမှုတ်ပြီး တားတော့ ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ ”
” ဒီလိုပဲပေါ့ကွာ ။ လက်ရွေးစင်အသင်းနဲ့ U19 ကစားသလို ဖြစ်နေတာပေါ့ ။ အနီကတ်အပြမခံရတာပဲ တော်သေးတာပေါ့ကွာ ။ ခြေမတူသေးတော့ နည်းနည်းလျှော့ကစားပေါ့ ။ နောက်တော့လည်း ကစားကွက်တွေ သိသွားရင် အဆင်ပြေ သွားမှာပါ ။ မင်းက လက်ရွေးစင်ဆိုတော့ ကစားကွက် ကောင်းပေမယ့် U19 နဲ့ ကစားရတာဆိုတော့ သက်လုံ ကောင်းဖို့တော့ လိုတယ် ။ မင်းအမေနဲ့ အဖေတို့ အိမ်ထောင်ကျတုန်းက အသက်နှစ်ဆယ်ကျော်ပဲ ရှိကြသေးတော့ ခြေတူပြီး သက်လုံကောင်းကြတယ်ကွ ”
” သားက သက်လုံတော့ ကောင်းပါတယ် ”
” အဝေးဘောတွေ မကစားနဲ့ဦး ။ ကွင်းလယ်ကိုပဲ အာရုံစိုက် မနေနဲ့ ၊ နေရာ ဖြန့်ကစားကွ ”
” အခုက ပယ်နယ်လ်တီ ကန်နေရသလိုပါပဲ အဖေရာ။ သူ့ခြေစွမ်းကို မသိသေးဘူး ”
” လာမှာပေါ့ သားရာ ။ မလောပါနဲ့ ။ အိမ်ကွင်းကောင်းတုန်း ကစားထားကွ ။ ကြာရင် မင်းလည်း အဖေ့လိုပဲ အဝေးကွင်းမှာ ကစားရတာကို သဘောကျလာလိမ့်မယ် ။ အဖေ့အိမ်ကွင်းက တို့ရပ်ကွက်က ဘောလုံးကွင်းလို ဂိုးတိုင်က ရွဲ့စောင်းပြီး မြက်ခင်းကလည်းကြမ်း ၊ ချိုင့်တွေကလည်း များနေပြီကွ ”
” အဖေ….၊ အမေ ကြားသွားဦးမယ် ”
” ဘောစကားကို မင်းအမေ နားမလည်ပါဘူးကွာ ”
သားအဖနှစ်ယောက် စကားပြောဆိုနေသည်ကို အိပ်ရာထဲမှ နားထောင်နေသည့် ဒေါ်မေလွင်က ခြင်ထောင်မပြီး ထွက်လာကာ ဦးလှဖေကို မကျေမနပ်ဖြင့်ကြည့်ကာ ပြောလိုက်လေသည် ။
” ရှင်က အိမ်ကွင်းမှာ မကစားဘဲ အဝေးကွင်းမှာ ကစားနေတယ်ပေါ့လေ ။ ဟုတ်လား ”
” ဟေ…မေလွင် ၊ မင်းနိုးလာတာလား ”
” ဟုတ်တယ် ”
” ငါတို့သားအဖ ပြောတာကို မင်းက နားလည်လို့လား ”
” ဟင်း…ဟင်း ။ နားလည်လို့ ရှင့်ကို ပြောနေတာပေါ့ ။ ဘောစကားကို နားမလည်ရင် ခံသွားရမှာပေါ့ ။ ဒီမှာ ကိုလှဖေ ၊ ရှင်ကသာ အိမ်ကွင်းကို တန်ဖိုးမထားတာ ။ ဘောကန်စရာကွင်း မရှိလို့ ကွင်းလိုက်ရှာနေတဲ့သူတွေမှ တစ်ပုံကြီး ။ ရှင်မကန်ချင်တော့ရင်လည်း ပြောလေ ။ မြက်ပဲကြမ်းကြမ်း ချိုင့်ပဲရှိရှိ ဘောကန်ချင်တဲ့ ဘောသမားတွေကို ပေးကန်လိုက်မှာပေါ့ ။ ကွင်းက အလတ်ကြီးရှိသေးတယ် ။ ဟင်း…ဟင်း ”
” ဟာ..မေလွင်ရာ ၊ မင်းဘာတွေ ပြောနေတာလဲ ”
” အဝေးကွင်းမှာ သွားမကန်ဘဲ ကိုယ့်ဂိုး ကိုယ်ပြန်သွင်း ပါလား ”
” ဟာ…….. ”
” သတိတော့ထား ။ လူကျွံဘော ပေးနေရမယ် ။ ကျွန်မကတော့ နှစ်ဝါတစ်နီနဲ့ ရှင့်ကို ထုတ်လိုက်ပြီ ။ ရှင့်ဟာရှင် ကန်ချင်တဲ့ကွင်းမှာ သွားကန် ။ အိပ်ခြင်တဲ့ နေရာမှာအိပ် ။ ခြင်ထောင်ထဲ ဝင်လာတာနဲ့ မြေလိမ့်ဘောရော ခေါင်းတိုက်ဘောရော စုံသွားမယ် ”
စိတ်ဆိုးမာန်ဆိုးဖြင့် ခြင်ထောင်ထဲ ပြန်ဝင်သွားသည့် ဇနီးသည်အား တအံ့တသြကြည့်ရင်း သားဖြစ်သူကို အကူအညီ တောင်းရလေတော့သည် ။
” သား ၊ မင်းအမေကို ပြောစမ်းပါဦးကွ ။ အဖေ ဘယ်မှာသွားအိပ်ရမှာလဲ ”
” နည်းပြကြီးအိမ်မှာ သွားအိပ်ပေါ့ အဖေရာ ”
” မင်းအဘိုးက ဒီအချိန်ဆို အိပ်မောကျနေပြီကွ ”
” အဘိုးကို ဖုန်းဆက်ကြည့်လိုက်ပေါ့ အဖေရာ ”
” ကိုလှဖေ …..”
” ဟေ….. ”
” သနားလို့ ခွင့်ပြုမယ် ၊ လာအိပ် ”
” အဟေး…… တော်သေးတာပေါ့ကွာ ။ အိမ်ကွင်းကိုလည်း ပစ်မထားနဲ့ကွ သားရ ။ အိမ်ကွင်းလည်း ကောင်းပါတယ်ကွာ ။ မင်းလည်း ဒုတိယပိုင်း ကန်ပေတော့ ။ အဖေလည်း အိမ်ကွင်းမှာ ကန်လိုက်ဦးမယ် …ဟား…ဟား…”
” ကိုလှဖေ ၊ ပေါက်ကရတွေပြောမနေနဲ့ ။ ရှင့်ကို သနားလို့ လာအိပ်ခိုင်းတာ ။ ကန်ဖို့မပြောနဲ့ ကွင်းထဲတောင် အဝင်မခံဘူး ။ ရုတ်ရုတ်တော့ မလုပ်နဲ့ ၊ ရာသက်ပန် ကစားခွင့် ပိတ်ပစ်လိုက်မယ် ”
” ဒါဆို ငါက….. ”
” ကွင်းဘေးမှာပဲ အိပ်တော့ ”
” ဟေ……….”